စိတ်အတက်အကျမြန်ရောဂါနဲ့ စိတ်အပြောင်းအလဲမြန်တာ တူသလား
စိတ်က ခဏခဏ တက်လိုက်၊ ကျလိုက်ဖြစ်နေတတ်လို့ ကိုယ့်ကိုယ်ကို စိတ်အတက်အကျမြန်ရောဂါ ဖြစ်နေတယ်ဆိုပြီး အထင်မှားနေတတ်ပါတယ်။ ရုတ်တရက်ကြည့်ရင် တူတယ်ထင်ရပေမယ့် လုံးဝတူတဲ့ အခြေအနေ နှစ်ခုတော့ မဟုတ်ပါဘူး။ ဒီအခြေအနေနှစ်မျိုးကို အလွယ်မြင်နိုင်အောင် ပြောရမယ်ဆိုရင်
၁။ စိတ်အပြောင်းအလဲမြန်တယ် (Mood Swings) ဆိုတာ လူတစ်ယောက်ရဲ့ စိတ်ထဲမှာဖြစ်နေတဲ့ ခံစားချက်တွေ အချိန်ခဏလေးအတွင်းမှာ ပုံစံပြောင်းလဲသွားတာဖြစ်ပြီး၊ လူတိုင်းလူတိုင်းမှာ ဖြစ်တတ်တဲ့ အခြေအနေတစ်ခုပါ။ စိတ်အတက်အကျမြန်ရောဂါ (Bipolar Disorder) ဆိုတာ စိတ်အတက်အကျကို အရှိန်အဟုန်နဲ့ ပြောင်းလဲပြီး လက္ခဏာတွေ ပိုပြင်းထန်တတ်သလို အဆင့်တစ်ဆင့်နဲ့ တစ်ဆင့်ကြား ဖြစ်ဖို့ အချိန်ကြာတဲ့ စိတ်ရောဂါတစ်ခုဖြစ်ပါတယ်။
၂။ စိတ်အပြောင်းအလဲမြန်တာက သာမန်လူတိုင်းမှာဖြစ်တတ်ပြီး ကိုယ့်ရဲ့တစ်နေ့တာကို ဘာမှထိခိုက်ပြောင်းလဲစေတာမျိုး မရှိပါဘူး (စိတ်ညစ်လို့ဆိုပြီး ဘာမှမလုပ်ဘဲ ထိုင်နေတာကတော့ ကိုယ်နဲ့ပဲ ဆိုင်ပါတယ်)။ စိတ်အတက်အကျမြန်ရောဂါကတော့ ပြင်းထန်တဲ့ ရောဂါတစ်မျိုးဖြစ်ပြီး ကိုယ့်ရဲ့ဘဝနေထိုင်မှုပုံစံနဲ့ အတွေးအခေါ်တွေကို များစွာ သက်ရောက်မှုရှိနိုင်ပါတယ်။
၃။ စိတ်ခံစားချက်တွေ ပြောင်းလဲတတ်ခြင်းဟာ ကျန်းမာတဲ့လူတိုင်းမှာ တွေ့ရတတ်တဲ့ အမူအကျင့်တစ်ခုဖြစ်ပါတယ်။ Bipolar ကတော့ သေချာကုသမှုခံယူဖို့ လိုအပ်တဲ့ ရောဂါဖြစ်ပါတယ်။
၄။ စိတ်အပြောင်းအလဲမြန်ခြင်းသည် စက္ကန့်ပိုင်းအတွင်းမှာပါ ဖြစ်တတ်ပြီး နောက်ပုံစံတစ်မျိုးပြောင်းဖို့ စက္ကန့်ပိုင်းကနေ ရက်နည်းနည်းပဲ ကြာနိုင်ပါတယ်။ စိတ်အတက်အကျမြန်ရောဂါသည် အဆင့်တစ်ဆင့်မှ နောက်တစ်ဆင့်ကို ပြောင်းဖို့ ရက်သတ္တပတ်ကနေ လပိုင်းအထိ ကြာသွားနိုင်ပါတယ်။
၅။ တချို့သော အခြေအနေတွေမှာ စိတ်အပြောင်းအလဲမြန်ခြင်းကို စိတ်အတက်အကျမြန်ရောဂါ ဖြစ်လာနိုင်တဲ့ ရှေ့ပြေးလက္ခဏာလို့ သတ်မှတ်နိုင်ပါတယ်။ ဥပမာ - ပျော်ရွှင်ခြင်း၊ ဝမ်းနည်းခြင်း၊ စိတ်ဓာတ်တက်ကြွခြင်း၊ စိတ်ဓာတ်ကျခြင်းတွေကို ခံစားနေရတဲ့အခါ ဝေဒနာပြင်းထန်လွန်းတယ်ဆိုရင်တော့ ရောဂါဖြစ်လာနိုင်ခြေ ပိုများပါတယ်။
၆။ စိတ်အတက်အကျမြန်ရောဂါမှာ စိတ်ဓာတ်တက်ခြင်း (Manic Episode) နဲ့ စိတ်ဓာတ်ကျခြင်း (Depressive Episode) ဆိုပြီး အဆင့် (၂) ဆင့်ရှိပါတယ်။ အဆင့်တစ်ဆင့်ကနေ တစ်ဆင့်ကို ကူးပြောင်းဖို့ အချိန်တော်တော်ကြာတတ်သလို၊ ခံစားရတဲ့ဝေဒနာအရှိန်က ပြင်းထန်လွန်းပြီး ဘေးကလူတွေအနေနဲ့ အပြင်ပိုင်းအပြုအမူတွေကို ကြည့်လိုက်ရုံနဲ့ အကြမ်းဖျဉ်းခန့်မှန်းလို့ရနိုင်ပါတယ်။ Bipolar ထက် ဝေဒနာနည်းနည်းသက်သာတဲ့ အမျိုးအစားကွဲကိုတော့ Cyclothymia လို့ ခေါ်ပါတယ်။
၇။ စိတ်ဓာတ်တက်ခြင်း (Manic Episode) အဆင့်မှာတော့
- ခုန်ပေါက်ပြီး အားအင်အပြည့်နဲ့ လှုပ်ရှားနေတတ်ခြင်း
- အိပ်ချင်စိတ်နည်းပြီး လန်းဆန်းနေတတ်ခြင်း
- ကိုယ့်ကိုယ်ကို ယုံကြည်မှုလွန်ကဲပြီး အကောင်းမြင်စိတ်များခြင်း
- မလိုအပ်ဘဲ စကားတွေအများကြီး ပြောနေတတ်ခြင်း
- အတွေးတွေ အများကြီးတွေးတတ်ခြင်း၊ ပြောင်းလဲနေတတ်ခြင်း
- လိင်ဆက်ဆံတဲ့အခါ အန္တရာယ်များတဲ့ အပြုအမူတွေ ပိုလုပ်တတ်ခြင်း
- အာရုံစူးစိုက်နိုင်မှု မရှိခြင်း
- ပိုက်ဆံတွေ အလွန်အကျွံသုံးဖြုန်းတတ်ခြင်း စတဲ့ အမူအကျင့်တွေကို တွေ့ရတတ်ပါတယ်။
စိတ်ဓာတ်ကျခြင်း (Depressive Episode) အဆင့်မှာတော့
- အပြင်းအထန် ဝမ်းနည်း၊ စိတ်ဓာတ်ကျနေတတ်ခြင်း
- ကိုယ်ကြိုက်ခဲ့တဲ့အရာတွေ၊ ဝါသနာပါတာတွေကို လုပ်ချင်စိတ်မရှိတော့ခြင်း
- မောပန်းနွမ်းနယ်နေပြီး အားမရှိသလို နုန်းနေခြင်း
- ကိုယ့်ကိုယ်ကို တန်ဖိုးမရှိသလို မုန်းတဲ့စိတ်၊ အပြစ်မြင်တဲ့စိတ်တွေ ဝင်လာခြင်း
- ပုံမှန်ထက် အိပ်ချိန်ပိုများလာခြင်း ဒါမှမဟုတ် ပိုနည်းလာတတ်ခြင်း
- လှုပ်ရှားတဲ့အခါ၊ စကားပြောတဲ့အခါ နှေးနေတတ်ခြင်း
- ကိုယ့်ကိုယ်ကို သတ်သေလိုတဲ့ ခံစားချက်တွေ၊ အတွေးတွေ မကြာခဏဝင်လာတတ်ခြင်း စတဲ့အမူအကျင့်တွေကို တွေ့ရတတ်ပါတယ်။
ဒီအမူအကျင့်တွေ အနည်းဆုံး (၃) မျိုးထက်မက တွေ့ရပြီဆိုရင်တော့ ကိုယ့်မှာ စိတ်အတက်အကျမြန်ရောဂါရဲ့ ဘယ်အဆင့်ရောက်နေပြီလဲဆိုတာကို ခန့်မှန်းသိနိုင်ပါတယ်။
၈။ စိတ်အပြောင်းအလဲမြန်ခြင်းအတွက် ကုသစရာ၊ စိုးရိမ်စရာလည်း မလိုသလို ကုသဖို့အတွက် ဆေးလည်းမရှိပါဘူး။ စိတ်အတက်အကျမြန်ရောဂါအတွက် သေချာစနစ်တကျ ကုသမှုမခံယူဘူးဆိုရင်တော့ ကိုယ့်ရဲ့နေ့စဉ်ဘဝကိုသာမက ကိုယ့်ဘေးပတ်ဝန်းကျင်မှာရှိနေသူတွေကိုပါ သွားပြီးဒုက္ခပေးနိုင်တာကို သတိပြုသင့်ပါတယ်။
ရဲမျိုးမြတ်